ကောင်းတာ တွေကို မကောင်းမှန်း သိတယ် …
လုပ်ဖြစ် နေသေးတယ် ဆိုရင် …
ကောင်းတာတွေ ကိုကောင်းမှန်းတော့ သိတယ် …
မလုပ်ဖြစ်သေးဘူး ဆိုရင် …
ကိုယ့် အသိဥာဏ်ကို ကိုယ်စော်ကားနေတာပဲ … အသိဥာဏ်ရှုံးသွာတာပဲဖြစ်တယ် …


ကောင်းတာကို ကောင်းသလို လုပ်ရဲကိုင်ရဲ တာဟာ ကုသိုလ်တရားနဲ့ ယှဉ်လို့  သတ္တိ လို့ ခေါ်တယ်။ အစွမ်းရှိတယ်လို့ ခေါ်တယ်။

မျက်နှာပြောင်တိုက်ရဲတာ - မှောက်မှားရဲတာ - သတ်ဖြတ်ရဲတာ အဲဒီမကောင်းသောအကုသိုလ်နဲ့ ယှဉ်ပြီး
ဖြစ်တဲ. လုပ်ရဲကိုင်ရဲမှုက မိုက်မဲတာလို့ ခေါ်တယ်။ အသုံးမကျတာလို့ ခေါ်တယ်။


ကောင်းတာဘာလို့ မလုပ်ရဲတာလဲ မလုပ်နိုင်ကြတာလဲ ဆိုတော့ - ရှင်းပါတယ် သတ္တိမရှိလို့ ပါ။
လူ့ သဘောကိုက အကောက်အကွေ့ အရှုပ်အပွေသဘောကျတာ
သိပ်ရိုးဖြောင့်နေရင် အထင်သေးမယ် ဂုဏ်ကျေးဇူးမဲ့ အောင်လုပ်မယ် ဒါသဘာဝ ပဲ။
လုပ်စမ်းပါစေ … ဘယ်လောက်လုပ်နိုင်မလဲ …။
မှန်တာပြောလို့ အဆိပ်သောက်သေဆိုလဲ သေလိုက် …အဲဒီလို သတ္တိမျိုး မရှိလို့ 
ကိုယ်ဘ၀ကိုသူများအကြိုက်လိုက်ပြီး လိုက်လျှောညီထွေ ဆိုပြီးနေလိုက်တာ…
အမှန်တရားဆို တာ အပျင်းပြေ ပုံပြင်ဖြစ်နေတယ် …။
လောကဓမ္မရဲ့ သတ္တိတွေ ဆုတ်ယုတ်ပျက်စီးလာရတယ်။


ကိုယ်မှာခိုင်မာတဲ့ အသိတရားကို မြင်ပြီးတဲ့ သူတစ်ယောက်ဆိုရင် …
ဟော ဒီလောကကြီး တစ်ခုလုံးက ၀ိုင်းပြီး ဖျက်စမ်းပါစေ… ပယ်ကြစမ်းပါစေ …
ကိုယ်လျှောက်မယ့်လမ်းက တလှမ်းမှ တွန့် ဆုတ်သွားမှာမဟုတ် …။
ဒီလိုမျိုး သတ္တိရှိတယ်….. လောကဥတ္တရာ … လောကကိုလွန်မြောက်သွားနိုင်မယ့် သတ္တိမျိုး ရှိတယ်။


ဒါကြောင့် ဓမ္မတရား ရင်ထဲကိန်းသူတွေဟာ သတ္တိအင်မတန်ရှိတယ် … အင်မတန်စင်ကြယ်တယ် …
အင်မတန်ဖြောင့်မတ်တယ် … ဒီလို ဂုဏ်ကျေးဇူးတွေကို တောရုံတန်ရုံ သတ္တိဗလ ဇွဲဆန္ဒ တွေနဲ့ တော့
မရဘူး ။ ဆိုလိုတာက တရားလုပ်သူတွေဟာ ပျော့ပျော့ညံ့ညံ့မဟုတ်ဘူး လို့ ဆိုလို တာပဲ
ဥာဏ်မမှီ တဲ့သူတွေကတော့ ထင်ချင်သလိုထင်မယ် ဆိုချင်သလိုဆိုမယ်။


ဒါကြောင့်မိုးကုတ်ဆရာတော်ဘုရားကြီးပြောတာ တန်ဖိုး သိမှ တန်ဖိုးရှိမယ် တန်ဖိုးရှိမှလဲ အဖိုးတန်မယ် ။
များအကျိုးအတွက် ကိုယ်ကျိုးစွန့် ကြရှာသော သူတော်ကောင်း အာဇာနည်များအား ကျွန်ုပ်သည် ဦးညွှတ်အလေးအမြတ်ပြုပါ၏။

ကျွန်ုပ်သည်ကားကိုယ်ကျိုးမပြည့်ရုံမျှဖြင့် ဒေါသ-သောက-လောဘ တရားတိုဖြင့် လောင်မြိုက်လျှက်သာနေလေ၏။

ရယူခြင်းနှင့်ပေးဆပ်ခြင်းတို့ တွင် ပေးဆပ်ခြင်းဖြင့်ပျော်မွေ့ သူသာလျှင် သူတော်ကောင်းဖြစ်၏။
(အရှင်ဇ၀န-မေတ္တာရှင်(ရွှေပြည်သာ))

ဘ၀မှာ အမြဲတမ်းကိုယ့်အတွက်ချည့်ပဲလိုချင်နေမယ်-ကိုယ့်အတွက်ချည့်ပဲလုပ်နေမယ်ဆိုရင် အဲဒီဘ၀ဟာ ဂုဏ်ယူအားကျစရာ ဘာမှမရှိပေ။

ထို့ အတူ ဘ၀မှာ ကိုယ်အနိုင်ရဖို့ -ကိုယ်အသာရဖို့ အတွက်တစ်ခုသာ ဦးစားပေးမိမယ် - အရှုံးနဲ့ ကြုံတဲ့အခါ နိမ့်ပါး-အောက်ကျမှုတွေနဲ့ ကြုံတဲ့အခါမှာ သူများတွေကိုသာအပြစ်တင်မိမယ် သောက-ဒေါသ-လောဘ-မာန တွေနဲ့  အခံရခက်နေသေးမယ်ဆိုရင်လည်း အဲဒီဘ၀ဟာအနှစ်မရှိပေ။

အကောင်းနဲ့ ကြုံကြုံ အဆိုးနဲ့ ကြုံကြုံ အကုသိုလ်မဖြစ်ဖို့ လိုရင်းပါ။
ဘာတွေပဲ ဆုံးရှုံးဆုံးရှုံး ဥာဏ်မရှုံးစေနဲ့  (မိုးကုတ်ဆရာတော်ဘုရားကြီး၏ဆုံးမစကား)

လောဘကြောင့်မပူလောင်စေနဲ့ ၊ ဒေါသကြောင့်မပူလောင်စေနဲ့ ၊ မောဟကြောင့်မပူလောင်စေနဲ့ ။

အဆင့်အတန်း၊နေရာ - လောကဂုဏ်သိက္ခာ - စည်းစိမ်ချမ်းသာ - လောကပညာ တွေဆိုတာ တကယ်တော့ဘာတန်ဖိုးမှမရှိဘူး။

မက်တဲ့သူသာ - မက်သလောက် အဖိုးတန်တယ်လို့ ထင်မယ် - သူအဖိုးတန်တယ်ထင်သလောက်လဲ ရူးရမယ်။ ရူးသလောက်လဲ ပူလောင်မယ် ဆင်းရဲမယ်။ အကုသိုလ်တရားတွေ အဆက်မပြတ်တိုးပွားမယ်။


လိုချင်လျှင်ဆင်းရဲသည်
မလိုချင်လျှင်ချမ်းသာသည်။

(မေတ္တာရှင်(ရွှေပြည်သာ)အရှင်ဇ၀န)

ဗုဒ္ဓ၀ါဒသည် - တဏှာပယ်သတ်ရေးဝါဒဖြစ်သည်။

တရားရချင်တာ ရောတဏှာလား။ ... တရားကို ရချင်လို့ မရဘူး။ တပ်မက်မှုနဲ ရချင်တယ်ဆိုလည်း တရားမဟုတ်နိုင်ဘူး။ ချမ်းသာသုခ အစရှိသဖြင့်... တစ်ခုခုကိုရမယ်လို့ မျှော်လင့်နေလို့ တပ်မက်မှုနဲ့ လိုချင်တာဖြစ်နိုင်သည်။

တရားရချင်တယ်ဆိုတာ ရွှေငွေတိုက်တာ စည်းစိမ်ချမ်းသာလိုချင်သလို လိုချင်တာမျိုးမဟုတ်၊ မိန်းမကိုယောင်္ကျားကတပ်မက်သလို - ယောင်္ကျားကိုမိန်မကတပ်မက်သလို ရချင်တာမျိုးမဟုတ်ဘူး။